လှုရှင်တွေအရာက်လာကြသည်
Wednesday, May 28, 2008
Friday, May 23, 2008
မှိုင်းမုံရီေ၀၀ါးအနာဂတ်များရယ်
``ကျွန်တော်တို့ရွာဘက်ကို ဘယ်ကယ်ဆယ်ရေးမှ မလာဘူး၊ အစားအသောက် ဝေတယ် ဆိုတာကလဲ လေးငါးရက် တစ်ခါလောက်ပဲ၊ မလောက်မငဝေတာပါ´´လို့ ရန်ကုန် တိုင်း ကွမ်းခြံကုန်းမြို့နယ်က ပင်လယ်ဘက်ကျတဲ့ ရွာတွေဖြစ်တဲ့ တော်ချိုက်၊ သံဒိတ်၊ ရေတွင်းကုန်း၊ မရမ်း၊ ရှမ်းကန်စတဲ့ ရွာတွေက ရွာသားတစ်ဦးရဲ့ပြောစကား၊ သူ့နာမည်က ကိုမြင့်သန်း...။
သူ့ကို ကျွဲပျောက်လာရှာလို့ ရွာတစ်ရွာမှာ တွေ့ခဲ့တာပါ။
``ကျွန်တော့်ကျွဲလေးကောင် မုန်တိုင်းတိုက်ပြီး ရေကြီးတဲ့ နံနက်ကတည်းက ပျောက် သွားတာ၊ သေလား၊ ရှင်လား မသိဘူး။ ပြန်တွေ့လို့တွေ့ငြား လိုက်ရှာနေတာ။ ကျွဲတွေ ပြန်မတွေ့ရင် လယ်ထွန်စရာမရှိတော့ဘူး။ အခုလိုက်ရှာတာ ၁၄ရက်ရှိပြီ။ ဘယ်မှာမှ မတွေ့ သေးဘူး။ စားစရာ၊ နေစရာရှား ပါးရတဲ့အထဲ ဒီကျွဲလေးတွေမရှိတော့လို့ လယ် ပြန်မလုပ် နိုင်ရင် ကျွန်တော့် မိသားစုဘ၀ မတွေးရဲတော့ဘူး။ မုန်တိုင်းကျလို့ မိသားစုတစ်ဝက် သေပြီ။ မုန်တိုင်းကြောင့် မသေဘဲနဲ့ ထမင်းငတ်လို့ ကျန်တဲ့မိသားစု တစ်ဝက်သေရမယ့်အဖြစ်မျိုး ဖြစ်နေပြီဗျာ´´ဟု မချိတင်ကဲ ပြောလိုက်တဲ့အသံ။
သူ့ကိုကြည့်တော့ အသက်က ၄၀ လောက်၊ နှစ်ပေါင်းများစွာ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သူ ဆိုတာကတော့ သူ့ဟန်ပန်နဲ့ သမန်းဆီတက်နေတဲ့ သူ့အသားအရေက သက်သေ ခံလို့။
``ရွာက ငွေကြေးတတ်နိုင်ပြီး အိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့ သူတွေကတော့ လယ်ရေငန်မြုပ်တာလောက်ပေါ့၊ ကျွန်တော်တို့လို လယ်ဧကနည်းနည်း လုပ်နိုင်တဲ့သူတွေ ကတော့ တဲလဲရေထဲပါသွားတယ်။ ခိုင်းစရာ ကျွဲ၊ နွားလဲဆုံး၊ ဘာမှမကျန်တော့ ဒီနှစ် လယ် ဘယ်လို ပြန်လုပ်ရမလဲမသိတော့ဘူး၊ မျိုးစပါးလဲ ကုန်ပြီ´´ဟု သူ့ရင်ထဲကနေ လျှံထွက်လာတဲ့ စကားတွေ။
သူ့မိသားစုအကြောင်း မေးကြည့်မိတော့ သူနေတဲ့ရွာမှာ ကျန်ခဲ့တယ်တဲ့။ ``စားဖို့ သောက်ဖို့ ကတော့ဗျာ။ ဘုန်းကြီးကျောင်းမှာရတာလေး ဝေမျှစားရတာပေါ့။ အခုတော့ ဘယ်လို စားနေကြလဲမသိဘူး၊ ကျွန်တော် ရွာကထွက်လာတာ ၁၄ရက်ရှိပြီ။ ဒီကျွဲလေးတွေ ပြန်တွေ့မှ ကျွန်တော့်မိသားစုဆီ ပြန်ချင်တယ်။ သူတို့ကလဲ ကျွန်တော် ကျွဲတွေနဲ့ ပြန်လာတာကို စောင့်နေမှာပဲ၊ ရေအတွက်ကတော့ မိုးရွာနေတုန်းတော့ မပူရဘူးပေါ့။ မိုးမရွာ ရင်တော့ သောက်စရာရေအတွက် ပူရတော့မှာပဲ}}။
လောလောဆယ် သူ ပူပန်နေတာက သူတို့မိသားစုဘ၀ တစ်ကနေပြန်စနိုင်ဖို့ သူနဲ့ အတူ ရွှံ့ထဲရုန်းခဲ့တဲ့ သူ့ရဲ့ခိုင်းကျွဲလေးတွေ ပြန်တွေ့ဖို့ အရေးပါတဲ့။ ဒါ့ကြောင့် ငတ်တလှည့်၊ ပြတ်တလှည့်နဲ့ ရွာစဉ်ခြေကျင်လျှောက်ပြီးရှာခဲ့တာ ဆယ်ရက်ကျော်ကြာခဲ့ပါပြီလို့ ဆိုပါတယ်။
သူ့လိုလူတွေ ဘယ်နှယောက် ဧရာဝတီတိုင်းထဲမှာ ရှိပြီလဲဆိုတဲ့အတွေးက ရန်ကုန် ပြန်တဲ့ လမ်းတစ်လျှောက်တွေးမိတဲ့ ခေါင်းစဉ်ပါ။ သူတို့တစ်တွေ ရှေ့အနာဂတ် ဘယ်လို ပုံဖော် ကြည့်ရမလဲ မသိတော့။ သူတို့တွေအတွက် ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်မလဲလို့ စဉ်းစား မိတယ်။
လောလောဆယ် ကျွန်တော် ကူညီနိုင်တာကတော့ အပြန်လမ်း မြစ်ရိုးတစ်လျှောက် တွေ့ခဲ့တဲ့ ကျွဲ၊ နွားအသေတွေထဲမှာ ကိုမြင့်သန်း ကျွဲလေးတွေ မပါပါစေနဲ့လို့ ဆုတောင်းပေး နိုင်ခဲ့ရုံသာ။ သူတို့တွေရဲ့ အနာဂတ်ကတော့ မှိုင်းမှုံရီေ၀၀ါးလို့သာနေပါလား။
ထူထောင်နိုင်ရန်ခွန်အားမျှပါ
အရာအားလုံး ပျက်စီးသွားခဲ့ပြီဖြစ်သော်လည်း ကိုဖိုးထောင်ကတော့ အားမလျော့ပါ။ အပေါ်အင်္ကျီ ဗလာနှင့် ခါးတောင်းကို မြှောင်နေအောင် ကျိုက်ထားသည်။ အပျက်အစီးများ ကြားမှ ကောင်းသေးသည်ဟု ယူဆရသည့် တိုင်တိုတိုင်စတွေကို ရွေးချယ်နေသည်။ ဇနီးဖြစ် သူမှာလည်း ထဘီရင်ရှားနှင့် ဖြာသုံးလို့ရနိုင်ဦးမည့် ဓနိပျက်များကို သီးသန့် ဖယ်ထုတ်နေ သည်။ နှီးဖျားနေသည့် သားလုပ်သူကတော့ အဖေကို စကားတစ်ခွန်း လှမ်းပြောနေသည်။
``မိုးဦးကလဲ ကျနေပြီအဖေရေ။ လယ်ထွန်ဖို့ ကျွဲနွားလဲမရှိ၊ မျိုးစပါးလဲ ဘယ်မှာရှာရ မလဲ။ မိုးတွင်းကြီး အိမ်ထဆောက်ဖို့ကလည်း ဟိုဟာမပြည့်စုံ၊ ဒီဟာ မပြည့်စုံနဲ့ ..´´
`ဟူး...´ သက်ပြင်းရှည်ကြီးကို သားစကား ကြားတော့မှ ကိုဖိုးထောင်ချဖြစ်သည်။ နာဂစ်တိုက်ပြီး သည့်မနက်ကတည်းက ညှိုးငယ်နေခဲ့သည့် ဇနီးသည် မျက်နှာမှာလဲ အနည်း ငယ် လေးနက်သွားသည်။ အရာအားလုံး ပျက်စီးသွားသည့် အနေအထားမှ ကုန်းရုန်းထရ သည်မှာ မလွယ်ပါလား။ ဒါက နာဂစ်ဒဏ်ခံခဲ့ရသည့် ဒေသများမှ လယ်သမားများ၏ ပုံရိပ် တစ်ကွက်မျှသာ ဖြစ်သည်။
ဆရာမောင်ထင်သာ ရှိနေသေးလျှင် ငဘ၀တ္ထုကို တစ်မျိုးတစ်ဖုံ ပြန်လည်ရေးဖွဲ့လိမ့် မည် ထင်သည်။ ဘ၀တစ်လျှောက်လုံး သူ့မြေသူ့ရေမှာ ကျေးဇူးရှင် ကျွဲနွားတွေနှင့်အပြိုင် ရုန်းကန်ခဲ့သည်က သူတို့နိစ္စဓူဝဘ၀ ဖြစ်ခဲ့သည်။ သို့သော် နာဂစ်မုန်တိုင်းက သူတို့ဘ၀တွေ ကို တန်ပြန်မုန်တိုင်းထန်စေခဲ့သောအခါ လတ်တလော သူတို့မှာ အိမ်မရှိတော့။ သိုလှောင် ထားသည့် ဆန်စပါးတွေ ရေထဲမျောခဲ့ပြီ။ ကျွဲတွေနွားတွေမှာ တစ်ခါက သူတို့စွမ်းအားဖြင့် တူးဆွခဲ့သည့် မြေပေါ်မှာ အတုံးအရုန်း သေဆုံးခဲ့ရပြီ။ မြေကြီးပေါ် ရေတဖောင်ဖောင် လယ်ယာမြေတွေပေါ်မှာ ရုန်းခဲ့တုန်းက မပင်ပန်း၊ ဆုံးရှုံးခြင်း လောကဓံတရားနှင့် ကြုံတော့မှ လယ်သမားတွေခမျာ ရုပ်ပိုင်းဆိုင်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာတွ ရင့်ရော်ခဲ့ရတော့သည်။
စေတနာရှင် ကားတန်းကြီးတွေကို ရန်ကုန်ကထွက်သည်နှင့် မြင်ရသည်။ ဆန်၊ ဆေးဝါး၊ အ၀တ်အထည်နှင့် အခြားအထောက်အပံ့ ပစ္စည်းများကို သူတို့ နာဂစ်ဒဏ်ခံရသည့် ဒေသများမှ ပြည်သူတွေကို ဝေပေးနေသည်။ အားလုံးက တစ်နိုင်တစ်ပိုင်တွေ ဖြစ်သည်။
``ကျွန်တော်တို့က ရုံးပိတ်ရက် တနင်္ဂနွေ တစ်ရက်ပဲ ဆင်းနိုင်တယ် အစ်ကို။ ကြားရက် တွေ မဆင်းနိုင်ဘူး။ အဓိကတော့ ဆန်ပါတယ်။ ဆေးဝါး ပါတယ်။ ခေါက်ဆွဲခြောက်တွေ ပါတယ်။ မလောက်ငမှန်း သိပေမယ့် ကျွန်တော်တို့လဲ ကိုယ်တတ်စွမ်းသလောက်ပေါ့´´ အလှူရှင် ယာဉ်ကြောတွေ ဒလ-ကွမ်းခြံကုန်း လမ်းပေါ်မှာ ပိတ်နေစဉ် စေတနာရှင် ကိုထွန်းဦး၏ ခရီးသွားဟန်လွဲ ပြောပြခဲ့တာဖြစ်သည်။
နာဂစ်တိုက်ခတ်ခဲ့ပြီး ၁၅ရက်ကျော် ကြာခဲ့ပြီးသည့်နောက် ပျက်စီးခဲ့ရသည့် အိုးအိမ် တွေမှာ မပြုပြင်ဘဲ ရှိနေသေးသည်။ လတ်တလောနေလို့ရနိုင်မည့် တစ်ဖက်ယပ် ယာယီတဲ လေးတွေ ထိုးနေရသည်။ စေတနာရှင်တွေနဲ့ အလှူရှင်တွေက တတ်စွမ်းသလောက် ထောက်ပံ့နေကြသည်မို့ စားစရာကတော့ ရနေသည်။ မုန်တိုင်းတိုက်ပြီး ကြီးမြင့်သွားသည့် သွပ်ဈေး၊ ဓနိဈေးများနှင့်တော့ ဤဒုက္ခသည်တွေ အိုးအိမ်ပြန်ဆောက်ဖို့ ဆိုတာ စဉ်းစားမရ သေးပါ။
``ဘယ်ဆောက်နိုင်ဦးမှာလဲ ညီလေးရယ်။ ဓနိဈေးကလဲ နှစ်သောင်းကျော်နေပြီ။ ဒါတောင် အလွယ်တကူ ၀ယ်လို့ရတာ မဟုတ်ဘူး။ ဓနိတောတွေလဲ အကုန်ပျက်စီးသွားတော့ ရှားနေတယ်´´ ဒေးဒရဲမြို့နယ်အပိုင် ချောင်းကြီးကျေးရွာမှ ကိုမြင့်ဖြစ်ပါသည်။
မိသားစု သုံးဦးသာရှိသည်မို့ သူ့ယာယီတဲလေးမှာ ကျွန်တော်တို့အတွက် ကျဉ်းလွန်း လှသော်လည်း သူတို့အဖို့တော့ ဘာနှင့်မျှမလဲနိုင်သည့် နိဗ္ဗာန်ဘုံလေး ဖြစ်သည်။ ထိုနိဗ္ဗာန်ဘုံ လေးကို တာပေါ်လင်စ အဟောင်းများနှင့် စပ်ချုပ်ပြီး မိုးထားသည်။
အစတုန်းကတော့ သူ့အိမ်မှာ အကြီးကြီးပါဟု ကိုမြင့်က ရှင်းပြနေသည်။ သူတို့ အလုပ်က တိုးမြစ်ထဲမှာ ငါးသလောက်ပိုက်မျောသည်။ ယင်းအလုပ်ဖြင့် ငယ်ငယ်ကတည်းက အသက်မွေးဝမ်းကျောင်းပြုခဲ့သူလည်း ဖြစ်သည်။
``မုန်တိုင်းတိုက်တဲ့ညက လှေဆိပ်မှာ လှေနဲ့ ပိုက်ဖောင်ကို ထားခဲ့တယ်။ ရေလုံးတွေ တက်လာတော့ ကြိုးနဲ့ချည်ထားတဲ့လှေလဲ ဘာတတ်နိုင်မှာလဲ။ မျောပဲ သွားတာလား၊ ဘယ် နေရာ ရောက်ပြီး နစ်မြုပ်သွားပြီလဲ မသိတော့ဘူး။ ကျွန်တော်လဲ လိုက်မရှာချင်တော့ ပါဘူးဗျာ´´ဟု ကိုမြင့်က ရှင်းပြသည်။
လုပ်ကိုင်စားစရာမရှိတော့ ခင်ဗျား ဘာဆက်လုပ်မလဲ ကျွန်တော်မေးမိသည်။ ``ဖြစ်သလို ရင်ဆိုင်ရုံပေါ့ဗျာ၊ ဘာတတ်နိုင်မှာလဲ။ အရာအားလုံးကတော့ အရင်အတိုင်း မဖြစ်တော့ဘူး´´ သူပြောပြနေသည်။ ပြောနေရင်းက သူ့အသံတွေ နစ်ဝင်သွားတာ ကျွန်တော် သတိထားမိပါသည်။
``ကျွန်တော်တို့လဲ လုပ်ပေးနိုင်တာ လတ်တလော စားဖို့နဲ့ ၀တ်စရာ နည်းနည်းရဖို့၊ ပြောရရင် သူတို့ ငတ်မသေရုံပေါ့ဗျာ။ သူတို့ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးဖို့ အထိတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး´´ အပတ်စဉ် လေဘေးသင့်ခဲ့ရသူတွေကို သွား ရောက် လှူဒါန်းနေသူတို့၏ အပြောဖြစ်ပါသည်။
ပုံမှန်အားဖြင့် ယခုအချိန်ဆိုရင် လယ်သမားတွေ လယ်ယာထွန်ရက်ချိန် ဖြစ်ပါသည်။ သို့သော် နာဂစ်ဒဏ် အကြီးအကျယ်ခံခဲ့ရသည့် ဒေသတွေမှာ လယ်သမားတွေ ဘာဆိုဘာမှ မစတင်နိုင်ကြသေးပါ။ ကျွဲ၊ နွားဖြင့်သာ အများစုလုပ်ကိုင်ကြသည်မို့ ကျွဲတွေ၊ နွားတွေ သေဆုံး ခဲ့ရသည့်အခါ လယ်ထွန်စရာတွေ ဘာမျှ မကျန်တော့။ ရေစိုရေမြုပ်ကာ ပျက်စီးခဲ့သည်မို့ မျိုးစပါး ဘယ်မှာရှာရမည်လဲ သူတို့မစဉ်းစားတတ်တော့။ မိုးလွန်မှ ထွန်ချရမည်ဆိုလည်း ချရပါ စေတော့။ သေချာသည်က လောလောဆယ် သူတို့ ဒါကို မစဉ်းစားအားကြသေးပါ။
``လယ်ယာမြေတွေ အကုန်ရေငန်ဝင်ကုန်တော့ စိုက်လို့ပျိုးလို့လဲ ကောင်းမှာမဟုတ် တော့ပါဘူး။ လုပ်လို့ရတယ် ထားဦး။ ဘယ်မှာလဲ မျိုးစပါး။ ဒီဒေသကြီး တစ်ခုလုံးမှာ စပါးကျီတွေအကုန် ရေထဲပါ။ မပါလဲ ရေစိုရေမြုပ်ဆိုတော့ မျိုးစပါးကောင်းကောင်း ဘယ်သူ့ ဆီမှာမှ သွားမှာလို့ မရတော့ဘူး။ ပြီးတော့ ထွန်ဖို့ယက်ဖို့ ဘယ်မှာလဲ ကျွဲ၊ နွား။ တချို့တွေဆို ကျွဲတစ်ရှဉ်း(နှစ်ကောင်)လောက်နဲ့ လုပ်ကြတာ။ အဲဒီနှစ်ကောင် သေသွားတော့ ဘာနဲ့သွား လုပ်မလဲ´´ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှ လယ်သမားတစ်ဦး ပြောပြခဲ့တာ ဖြစ် သည်။
အဆိုးဆုံးက သူတို့တစ်တွေ အပျက်အစီး ကြားထဲက ပြန်လည် လူးလဲထဖို့ စိတ်ဓာတ် ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာ ကူညီမှုများ အားနည်းနေသေးတာ ဖြစ်သည်။ ဒါကတော့ စောစော က ပြောခဲ့သည့် စေတနာရှင်တွေလည်း တတ်နိုင်မည့်ကိစ္စ မဟုတ်ပါ။
``သူတို့လယ်ယာမြေတွေ ပြန်ပြုပြင်ဖို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ပြန်ဖန်တီးပေးဖို့။ ပျက်စီးသွားတဲ့ အိုး၊ အိမ်တွေ ပြန်လည်တည်ဆောက်ပေးဖို့ကျတော့ ကျွန်တော်တို့ မတတ်နိုင်တဲ့အပိုင်း ဖြစ်သွားပြီဗျာ´´ဟု မုန်တိုင်းဒဏ်သင့်ခဲ့ရသူတွေကို တတ်တက်ကြွကြွ အကူအညီပေးနေသည့် လူငယ်တစ်ဦးက ပြောသည်။
သူပြောသလိုပင် ရန်ကုန်က နေ့စဉ်နှင့်အမျှ အထောက်အပံ့တွေ သွားရောက်အကူအညီပေးနေသူ များမှာလည်း အကန့်အသတ်နှင့်သာ ဖြစ်ပါသည်။ မုန်တိုင်းတိုက်ပြီးခဲ့တာ တဖြည်းဖြည်းရက်တွေကြာလာ သည်နှင့်အမျှ စေတနာရှင်များမှာလည်း လက်ပန်းကျ လာနိုင်ပါသည်။ တစ်ဆက်တည်း ယခုအခြေအနေ အတိုင်းသာ ဆက်လက်သွားပါက လေဘေးဒဏ်ခံခဲ့ ရသူများ၏ ဒုက္ခတရားမှာလည်း နေမြင့်လေ အရူးရင့် လေ ဖြစ်လာပါလိမ့်မည်။ စေတနာရှင်တွေ၏ ကူညီမှု တဖြည်းဖြည်း လက်ပန်းကျသွားချိန် ဤမုန်တိုင်းသင့်သူများ၏ အနေအထားမှာလည်း ယခုထက်ပိုပြီး တိုးတက် မလာခဲ့သေးသော်...။ အကျပ်အတည်းများသည် ကျွန်တော်တို့ ရှေ့တွင် စိန်ခေါ်မှုများအဖြစ် စောင့်ကြိုနေပါသည်။
``ကျွန်တော်တို့ လိုချင်တာ တာပေါ်လင်စတွေ၊ မျိုးစပါးတွေ၊ သွပ်တွေနဲ့ လယ်ထွန်ဖို့ ထွန်စက်တွေဗျ။ ဒါလေးတွေရရင် ကျွန်တော်တို့ ဒီတစ်မိုးတွင်းအတွက်တော့ ပြန်ပြီး အလုပ် လုပ်လို့ရပြီ။ ကျန်တာကတော့ တဖြည်းဖြည်းလုပ်ယူရမှာပေါ့ဗျာ´´ဟု ကွမ်းခြံကုန်းမြို့နယ် ကျွန်းချောင်းရွာမှ လယ်သမားတစ်ဦးက ပြောသည်။
သူတို့ရွာတွေကို ယခုရက်ပိုင်းအတွင်းမှာတော့ စေတနာရှင်တွေ၏ ကားတွေရောက် လာပြီး အစားအစာနှင့် အထောက်အပံ့ တချို့ဝေမျှလာသည်ဟု ဒေသခံတွေက ဆိုသည်။ မြို့ပေါ်တွင် တစ်အိမ်ထောင် သွပ်ဘယ်နှချပ်ဝေသည်ကို သူတို့ကြားနေရသော်လည်း မရကြ သေးပါ။ စေတနာရှင်များကြောင့် စားဖို့ ထမင်း နပ်မှန်နေသည်နှင့်သာ ကျေနပ်ရသည်။
အဆိုပါရွာတွေမှာ ယခင်က လယ်သမားက လယ်လုပ်ပြီး တံငါလုပ်သူတွေက တိုးမြစ်ကြောမှ ငါးသလောက် ပိုက်တွေမျောပြီး ၀မ်းကျောင်းကြသည်။ ယခုမူ သူတို့မှာ ပိုက်ဖောင်တွေ၊ လှေတွေ မုန်တိုင်းထဲမှာ ဆုံးရှုံးခဲ့ရပြီမို့ အသက်မွေးဝမ်းကျောင်းဖို့ရာ အတော် ခက်ခဲရလေပြီ။
``ပုံမှန်အချိန်တွေ ဆိုရင်တောင် ၀ါဆိုဝါခေါင်မှာ ဒီဒေသက လူတွေ ကျပ်တည်းကြ တယ်။ ၀ါဆို ၀ါခေါင် အိုးပေါင်ခွက်ပေါင်လို့တောင် ဆိုရတဲ့ အနေအထားလေ။ အခုလဲ ကဆုန် ဆိုတော့ သိပ်မကြာတော့ဘူးလေ။ ဒီနှစ်က ပိုဆိုးပြီပေါ့။ အလှူရှင်တွေကလဲ ဘယ်လောက် ကြာကြာ လှူဒါန်းနိုင်မှာလဲဗျာ။ ကျွန်တော်တို့တော့ ရှေ့ဘယ်လိုစခန်းသွားရမယ်ဆိုတာ မစဉ်းစား တတ်သေးဘူး´´ဟု ကျွန်းချောင်းရွာသားတစ်ဦးက သူ့ဒေသ အခြေအနေကို ရှင်းပြသည်။
ဒေသခံတွေကတော့ နေစရာအိမ်လေးတွေ ပြန်လည်တည်ဆောက်ပေးမည့် အကူ အညီ အထောက်အပံ့များကို အားတက်သရော မျော်နေကြတာတွေ့ရသည်။ ဒါကလည်း လူ့အခြေခံ လိုအပ်ချက် မဟုတ်ပါလား။ လောလောဆယ်တွင် ရန်ကုန်နှင့် အခြားဒေသများမှ စေတနာရှင်များ၏ တစ်နိုင်တစ်ပိုင်အကူအညီများကြောင့် သူတို့စားဖို့အရေး အဆင်ပြေနေ သော်လည်း ရေရှည် ခရီးဆက်ရမည့် သူတို့ဘ၀ရပ်တည်ရေးအတွက်တော့ စဉ်းစားရင်း ရတက်မအေးကြပါ။
အပျက်အစီးကြားမှ ပြန်လည်ထူထောင်ရေးကို သူတို့ လက်လှမ်းမမီပါ။ အရာအားလုံး ပျက်စီး ဆုံးရှုံးခဲ့ရပြီမို့ တတ်နိုင်သူတွေ ၀န်းမှဝိုင်းမှသာ ဖြစ်ပါတော့မည်။
ထွန်ရေးငင်ချိန်ရောက်နေသည့်တိုင် လုပ်ငန်းမစနိုင်သေးသည့် ဆားငန်ရေတွေလွှမ်း နေ သော တစ်မျှော်တစ်ခေါ် လယ်ကွင်းများကို ကျွန်တော် ငေးနေမိသည်။ တစ်ခါက စိမ်းလန်းခဲ့သော လယ်ယာမြေတွေ၊ သာယာလှပခဲ့သော ရွာကြီးတွေ၊ စည်သံဗြောသံတွေ နှင့် ညံစည်ခဲ့သော ဘုရားကျောင်းကန် ဇရပ်တွေ၊ လယ်တွေရှိနေသရွေ့ တို့ထမင်းမငတ်ပါဘူးဟု မာန်တင်းခဲ့သည့် ကျေးဇူးရှင် တောင်သူဦးကြီးတွေ...။
အိပ်မက်တစ်ခုအဖြစ် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ကျွန်တော်မတွေးချင်ပါ။ အရာ အားလုံး ပျက်စီး ဆုံးရှုံးခဲ့ရပြီးသည့်နောက် ပြန်လည်ထူထောင်ဖို့သာ ဦးတည်စဉ်းစားရပါ တော့မည်။ တွေးရင်းငေးရင်းဖြင့် နှောင်ကြိုးများမှ ဘာမှဆုံးရှုံးစရာမရှိဆိုသော စကားကို ကြားယောင် လာသည်။ အကူအညီ ရောက်မလာသော်လည်း အပျက်အစီးတွေကြားထဲမှ ရှိသည့်ခွန်အားဖြင့် ကုန်းရုန်းထဖို့ ကြိုးစားနေသော ကိုဖိုးထောင်တို့မိသားစု၏ လူသား အားမာန်ကိုလည်း ကျွန်တော် ခံစားလိုက်ရသည်။
Thursday, May 22, 2008
Saturday, May 17, 2008
ကျောက်စောင်းထက်လေစောင်းထက်၏
ကြည့်လေမြင်လေရာအနိဌာရုံတွေပါ
Friday, May 16, 2008
အကောင်းဆိုတာမရှိတော့ပါဘူး
ဘာမှမရှိတော့ဘူး တစ်ခုမှမရှိတော့ဘူး
အားငယ်နေသူများကိုကူဖေးခြင်း
ခံစားရေးဖွဲ့ချက်ပါ
(၁)
ကြောက်စရာကောင်းပြီး ပျက်စီးဆုံးရှုံးမှုတွေ များစေခဲ့သည့် နာဂစ်မုန်တိုင်းတိုက်ခတ် ပြီးနောက် ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်အခံရဆုံး ကွမ်းခြံကုန်းမြို့ကို ကျွန်တော် သုံး ခေါက် ရောက်ခဲ့သည်။
ဒလမြို့က ထွက်သည်နှင့် မြင်ရသည့်ရှုခင်းများက စိတ်ချမ်းသာစရာ တစ်စက် ကလေးမှ မရှိပါ။ တစ်ချိန်က စိမ်းစိုလန်းဆန်းခဲ့သည့် သစ်ပင်အိုသစ်ပင်ပျိုများအားလုံးနီးပါး မရှိတော့ပြီ။ အိုးအိမ်များလည်း မြေနေရာတွင် ပြားပြားဝပ်လျက်ရှိတော့သည်။ တချို့ နေရာ တွေဆို ကျွန်တော်မမှတ်မိတော့ပြီ။
မိုင်သုံးဆယ်ကျော် ဘေးဘီက အပျက်အစီးတွေနှင့် အပျက်အစီးကြားက ကုန်းရုန်းထဖို့ ကြိုးစားနေ သည့် လူတွေကို ကြည့်ရင်း ကွမ်းခြံကုန်းရောက်ချိန် တွင် မြို့အ၀င်ရှိ ကွမ်းခြံကုန်းမြို့မှ ကြိုဆိုပါ၏ဆိုသည့် ရွှေရောင်ဆိုင်းဘုတ်မှာ မြေပေါ်တွင်မှောက်လျက်သား။ စူးရှသည့်အပုပ်နံ့များက လူကို မူးဝေသွားစေသည်။ တစ်မြို့လုံး မမှတ်မိတော့လောက်အောင် ပျက်စီးနေခဲ့ ပြီ။ ဒုက္ခတရားကြားမှာ မြို့သူမြို့သားတွေက လမ်းပေါ် မှာ တန်းစီစုဝေးလျက် ရှိနေသည်။ သူတို့အဆိုအရ ထောက်ပံ့ရေးပစ္စည်းဝေမည့်အချိန်ကို စောင့်ပြီးတန်းစီ နေကြတာဟု ဆိုသည်။
မုန်တိုင်းတိုက်အပြီး ခြောက်ရက်မြောက်နေ့ ရောက်သည့်တိုင် လူသေအလောင်းတွေ ကွမ်းခြံကုန်း ချောင်းထဲမှာရှိနေသေးသည်။ ယင်းအပုပ်နံ့များကလည်း မြို့လယ်ကောင်မှာ ဟောင်ထလျက်၊ သုသာန်မှာလည်း မမြှုပ်ရသေးသည့် အလောင်းတွေ တန်းစီနေသေးသည်။
“စံပြရပ်ကွက်ဘက်ကသေတာဆိုအများကြီး။ အလောင်းတွေက ဒီရေတက်တော့ မြို့လယ်အထိ မျောလာတယ်။ သုသာန်ဆီကိုရသလောက်သယ် ပြီး မြှုပ်နေတယ်။ ဒါပေမဲ့ မနိုင်ဘူး။ လူသေတာတွေ အရမ်းများတယ်။ မမြှုပ်ရသေးတဲ့ အလောင်းတွေကို မိုးကာရွက်ဖျင်နဲ့ အုပ်ထားရတယ်။ ကျွဲသေ၊ နွားသေ တွေကဖြင့် မြင်တဲ့အတိုင်း မရှုမလှအများအပြားပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။
သူ့ကြည့်ရသည်မှာလည်း စိုးရိမ်ထိတ်လန့် နေပုံရသည်။ ကြောက်စရာအဖြစ်ဆိုးကြီးအပြီး လူတိုင်း လိုလိုပင် စိုးရိမ်ထိတ်လန့်နေကြတာကို တွေ့ရသည်။ ဒါကတော့ မုန်တိုင်းတိုက်ခတ်အပြီး ငါးရက်အကြာ ကျွန်တော်ပထမအကြိမ် ကွမ်းခြံကုန်းမြို့ရောက်ခဲ့စဉ်က ဖြစ်သည်။
(၂)
မေ၁၁ရက်မှာတော့ ကွမ်းခြံကုန်းမြို့နယ် တွင်းရှိ လေဘေးဒဏ်ခံကျေးရွာများသို့ ကျွန်တော် ဒုတိယအကြိမ်ရောက်ခဲ့ပြန်သည်။ အထူးသဖြင့် ကွမ်း ခြံကုန်းမြို့နှင့် သုံးမိုင်ခန့်သာဝေးသည့် ကျွန်းချောင်း ကျေးရွာသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။ တစ်ခါက အလွန်သာယာခဲ့သည့်ရွာကလေးဖြစ်သော်လည်း နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် အရာအားလုံးပျက်စီးသွား ခဲ့ပြီဖြစ်သည်။ အရာဝတ္ထုတွေတင်မကပါ။ လူတွေ၏ ဘ၀တွေပါ ပျက်စီးခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော့်မိသားစုဝင်ငါးဦးမှာ လေးဦးသေ ခဲ့တယ်။ မုန်တိုင်းတိုက်တဲ့ညက ကျွန်တော်တို့က ကွင်း ထဲမှာရှိနေတယ်။ မုန်တိုင်းတိုက်တဲ့အချိန်မှာ မိုးကလည်း သဲသဲမဲမဲပဲ။ လေကတော့ ပြင်းထန်သလားမမေးနဲ့၊ အစ တုန်းကတော့ မိသားစုတွေအကုန်လုံး မတ်တပ်ရပ် နေရတယ်။ ပြီးတော့ ဒီလှိုင်းတွေတက်လာတဲ့ အချိန်မှာ အကုန်အိမ်ရော၊ လူရောပါသွားတယ်။ မိသားစုဝင်တွေ ကွဲသွားတယ်။ အော်ခေါ်လဲမကြားတော့ဘူး။ ကျွန်တော် လဲ တစ်ညလုံးသွေးရူး သွေးတန်းနဲ့မျောနေတာ နောက် ဆုံးကောက်ရိုးပုံတစ်ပုံတွေ့တော့ အဲဒီပေါ်မှာတက်နေ ရတယ်။
မိုးလင်းမုန်တိုင်းစဲချိန် ကျွန်တော့်ဇနီးနဲ့ ကလေးတွေကိုလိုက်ရှာတော့ညနေပိုင်းမှာ ဇနီးနဲ့ ကလေးတစ်ယောက် ဖက်လျက်သား သေနေတာတွေ့ရ တယ်။ ကျွန်တော့်ကျန်တဲ့ကလေးနှစ်ဦးကတော့ အခု ချိန်ထိမတွေ့သေးဘူး”ဟု လယ်ကူလီလုပ် အသက် မွေးသည့် ကိုမြတ်ထွန်းကပြောပြသည်။
၃၁နှစ်သာရှိသေးပေမယ့် သူ့မျက်နှာသည် ဆယ်နှစ်စာလောက်ပိုပြီး အိုစာသွားသည်။ အဖြစ်အပျက် တွေ ပြန်ပြောပြနေရင်းက တစ်ခါတစ်ခါ အသံတွေ နစ်ဝင်နေသည်။ တစ်ခါတစ်ခါမှာတော့ အံကိုတင်းတင်း ကြိတ်ထားသည်။ ဘယ်လိုဖြေဖြေ မပြေနိုင်တော့သည့် သူ့ရင်ထဲကသောကကို ကျွန်တော်ခံစားလို့ရပါသည်။ လောလောဆယ် သူ့မှာ နေစရာအိမ်မရှိ၊ ၀တ်စရာ အ၀တ်မရှိ၊ မိသားစုလည်း မရှိတော့ပြီ။
“ရွာထိပ်မှာ အလောင်းတွေရှိသေးတယ် အစ်ကို။သွားကြည့်ဦးမလား”ဒေသခံတစ်ဦးက ကျွန် တော်တို့ကိုမေးလာသည်။ သွားကြည့်တော့ ကလေး အလောင်းနှင့် မိန်းမအလောင်းတွေဖြစ်နေသည်။
“အဲဒါ ဟိုဘက်ကမ်းကသေပြီး မျောလာတဲ့ အလောင်းတွေ၊ ဒီမှာတင်နေတာအစ်ကို။ လူတွေကလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ အလောင်းတွေဘယ်ရှင်းနိုင် မှာလဲ။ ကိုယ့်မိသားစုဝင်ထဲက သေသွားသူတွေရဲ့အ လောင်းကိုတောင် ပြန်မရှာကြတော့တာ”ဟု အဆိုပါ ဒေသခံက ဆက်ပြောနေသည်။
ဟုတ်လောက်ပါသည်။ ရွာထဲကလူတွေမှာ လတ်တလောနေဖို့နှင့်စားဖို့အတွက် လုံးပန်းနေရသည် မို့ ကိုယ့်အိမ်သားတွေထဲက မုန်တိုင်းထဲပါသွားသူတွေ ၏ အလောင်းကိုတောင်မှ မရှာအားကြတော့။ သေပြီးတဲ့ သူက သေပြီးပြီပဲဟု ဖြေတွေးလေးတွေးကြတော့သည်။
“အဲဒီမုန်တိုင်းတိုက်တဲ့ညက တစ်ခါတည်း သေတာကမှ ကောင်းသား။ သေရင် အေးရော။ သားနဲ့ ချွေးမသေတယ်။ သူတို့ကတော့ အေးပြီပေါ့။ ကိုယ်က အသက်ရှင်နေတော့ အခုလို ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီ” မျက်ရည်တွေသုတ်ရင်း မိန်းမကြီးတစ်ဦးက ပြောနေ သည်။ သူမအိမ်မှာ တစ်စစီဖြစ်နေပြီ။ အိမ်ထောင်ပရိ ဘောဂတွေလဲ မရှိတော့။ အိမ်မှာ အဓိကရှာဖွေကျွေးမွေး နေသည့် သားနှင့်ချွေးမတို့သေဆုံးသွားသည့်အခါ ကျန် ရစ်ခဲ့သည့်မြေးတစ်ယောက်နှင့် အဘွားအို၏ရှေ့ရေးကို ကာယကံရှင်မပြောနှင့်၊ ကျွန်တော်ပင် စဉ်းစားလို့မရပါ။
လေဘေးသင့် ပြည်သူများအတွက့်ပစ္စည်းများကို အဆိုပါ ကျွန်းချောင်းကျေးရွာတွင် ကျွန်တော်တို့လှူဒါန်းခဲ့သည်။ စားဝတ်နေရေးအခက်အခဲဖြစ်နေချိန်တွင် ကျွန်တော် တို့ ကူညီနိုင်သည့်ပမာဏနည်းသော်လည်း ကျေးရွာ ပြည်သူတို့အဖို့ ရွှေဖြစ်နေသည်။ ယခုလို သူတို့အကူ အညီရသည်မှာ ကျွန်တော်တို့ဆီက ပထမဦးဆုံးဖြစ် ကြောင်း ပြောပြကြသည်။
ဆိုခဲ့ပါအပျက်အစီးများကြားက ကျွန်တော် တို့ပြန်ထွက်လာသည့်အခါ လယ်ကွင်းထဲတွင် ပြန့်ကျဲ နေသည့် စပါးအိတ် ရာထောင်များစွာကို လှမ်းတွေ့ရသည်။ တစ်ခါက ဤနေရာတွင် လူတွေနေခဲ့ဖူးသည်ဟုသာ စိတ်ကူးဖြင့် မြင်အောင်ကြည့်ရတော့မည်။ တစ်နေရာ မှာတော့ အမှိုက်သရိုက်ဒိုက်များဖြင့် ရောထွေးငြိတွယ် ကာ ပျက်စီးနေသည့်အိမ်လေးတစ်လုံးကိုတွေ့ရသည်။ လေထုထဲလွင့်ပါလာသည့် အနံ့အသက်ကသိပ်မကောင်းလှ။
“ဒီအိမ်က မိသားစုတွေဆို အကုန်လုံးသေ ကုန်တာ။ အလောင်းတွေက အဲဒီအပျက်အစီးအောက် မှာ အခုထိရှိနေသေးတယ်” ဒေသခံက ရှင်းပြနေသည်။
အတူပါသူတွေကို ရုတ်တရက်လှမ်းကြည့်မိတော့ မျက် နှာတွေမကောင်းကြ။ အတော်လေးထိခိုက်ခံစားနေကြ ပုံရသည်။ အခု အဖြစ်အပျက်ဇာတ်လမ်းကိုရော၊ ရွာ ထဲမှာ တစ်နေကုန်ကြုံတွေ့နားထောင်ခဲ့ရသည့်ဇာတ် လမ်းတွေရော ကြေကွဲနာကြည်းစရာတွေနှင့် ပြည့်သိပ် နေပြီမဟုတ်ပါလား။ ရွာကပြန်အထွက်မှာ ဒေသခံတစ်ဦး က ပြောလိုက်သည့် ငိုစရာမျက်ရည်တောင်မရှိတော့ ဘူးဆိုသည့်စကားကို ကျွန်တော် အခုမှ သဘောပေါက် နားလည်သွားသလိုရှိသည်။
(၃)
မေလ ၁၄ရက်တွင် ဧရာဝတီတိုင်း ဒေးဒရဲ မြို့နယ်အပိုင် ကျေးရွာများဖြစ်သည့် နှာခေါင်းချောင်း ကျေးရွာနှင့် ချောင်းကြီးကျေးရွာတို့မှ လေဘေးသင့် ပြည်သူများကို ဆန်နှင့်အခြားပစ္စည်းများ သွားရောက် လှူဒါန်းဖို့ ကွမ်းခြံကုန်းမြို့ကို တစ်ခေါက်ရောက်ခဲ့ပြန် သည်။
လူသေအလောင်းနှင့် အပုပ်နံ့များကတော့ အတော်လေးကင်းစင်သွားခဲ့ပြီဖြစ်သည်။ ကွမ်းခြံကုန်း ချောင်းထဲမှတစ်ဆင့် စက်လှေဖြင့် တိုးမြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းရှိ နှာခေါင်းချောင်းကျေးရွာကို အရင်ဝင် ဖြစ်သည်။
တစ်ခါက စိမ်းစိုညို့မှိုင်းခဲ့သည့် ထိုမြစ် အတွင်းရှိ ကျွန်းကလေးများသည် ယခုတော့ သွေ့ ခြောက်သွားခဲ့ပြီ။ ကျွန်းပေါ်တွင်ရှိသည့် ငှက်ပျောခြံများ မှာမူ အပိုင်းပိုင်းပြတ်ပြီး အုန်းပင်တချို့သာ ကျိုးတိုးကျဲတဲ မြင်ရသည်။
လှေနှစ်စင်းဝင်စာသာကျယ်သည့် ချောင်း ကလေးထဲမှ နှာခေါင်းချောင်းရွာဘုန်းကြီးကျောင်းသို့ ၀င်သည့်လမ်းတစ်လျှောက် လက် ကိုင်လော်စပီကာဖြင့် ထောက်ပံ့ရေးပစ္စည်းများ ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝေပေးမည့်အကြောင်းအော် သည့်အခါ ကျေးရွာဒေသခံများမှာ ကြောင်နေကြသည်။ ဘယ်ကမှ အထောက်အပံ့တွေရောက်မလ်ာသည် မို့ သူတို့အထောက်အပံ့တွေ မမျှော်တတ်ကြတော့ဘူးလား မသိ။ အော်လွန်းမကအော်တော့ မှ ၀မ်းသာအားရပြေးလာကြသည်။ ကျွန်တော်တို့ ကူ ထမ်းပေးပါမယ်ဆိုပြီး ပါလာသည့်ပစ္စည်းတွေကို ၀ိုင်း ၀န်းသယ်ချပေးကြသည်။ ဘုန်းကြီးကျောင်းမှာကလေး လူကြီး အများကြီးစုနေပြီး နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် က သူတို့ကြုံရသည့်ဒုက္ခတွေ၊ ခံစားရမှုတွေကို အပြေး အလွှား ရင်ဖွင့်သည်။ တချို့ အမေကြီးတွေက မျက် ရည်လည်ရွဲဖြင့် မြို့ကြီးသားများ ကျန်းမာချမ်းသာပါ စေဟု တိုးတိုးလေးဆုတောင်းပေးကြသည်။ ကျွန်တော် တို့ မြစ်ကူးချောင်းဖျား ခက်ခက်ခဲခဲလာပြီး သူတို့အား ကူညီထောက်ပံ့တာတွေကိုလည်း အတော်အံ့သြနေသည်။
“ရေ ရေပေးပါ”ဟု အသက်ငါးဆယ်အရွယ် လူကြီးတစ်ဦးက ကျွန်တော့်နားကပ်လာသည်။ လှမ်း ပေးသည့်ရေဘူးကို အငမ်းမရဖွင့်ပြီး မော့ သောက်လိုက်သည်။ ပြီးတော့မှ မျက်လုံးတွေ ပြန်ဝင်း လက်လာပြီးပြုံးပြသည်။
“ကျွန်တော်တို့ ရွာကန်ကပဲရေသောက်တာ လေ။ အခုရွာကန်က ဒီရေတက်တုန်းက ရေမြုပ်တော့ ငန်နေပြီ။ ဘာမှသောက်မရတော့ဘူး။ ဒါပေမဲ့ ငတ် လွန်းမက ငတ်တော့လဲ....”သူကလက်ရှိ သူတို့ အခက်အခဲကိုရှင်းပြပြီး စကားဖြတ်ထားလိုက်သည်။ သူဆက်မပြောတော့သော်လည်း ကျွန်တော်နားလည် ပါသည်။ ရေငန်ဝင်နေသည့် ရေကိုပဲ သူတို့ဆက် သောက်နေရသည်။ အချိန်မရတော့သည်မို့ သူတို့တွေ နှင့် အသေအချာစကားမပြောခဲ့ရသော်လည်း ဒီရွာမှာ လူတွေဘယ်နှယောက်လောက်သေလဲဟု မေးမိ သည်။ လူတစ်ရာဝန်းကျင်ခန့်လောက်ဟု ဒေသခံတွေ က ပြောသည်။ သေတဲ့အလောင်းတွေကို ဘယ်လို လုပ်လိုက်သလဲတော့မမေးမိ။ သေချာတာကသူတို့လည်း မြစ်ထဲမျောတာပါပဲ။
နှာခေါင်းချောင်းရွာကထွက်ပြီး တိုးမြစ်ဘက် စုန်ဆင်းလျှင် ချောင်းကြီးကျေးရွာကိုရောက်သည်။ နှာခေါင်းချောင်းရွာလိုပင် ချောင်းကြီးရွာထဲကိုရောက်ဖို့ ချောင်းထဲကို အတော်ဝင်ရသည်။ ၀င်လာသည့်ချောင်းရိုး တစ်လျှောက်မှာတော့ ကျွဲသေတွေကို တွေ့ရသည်။ စက်လှေပေါ်ပါလာသည့် စေတနာရှင်တွေက ချောင်းရိုး တစ်လျှောက်မှာရှိသည့် ကလေးတွေကို ပေါင်မုန့်တွေ လှမ်းပစ်ပေးတော့ ကလေးတွေ ပျော်သွားကြတာတွေ့ ရသည်။
နှာခေါင်းချောင်းရွာမှာလိုပင် ဘုန်းကြီး ကျောင်းမှာ ကျွန်တော်တို့ကူညီသည့် ဆန်နှင့်အခြား ထောက်ပံ့ပစ္စည်းတွေ လာယူနိုင်ကြောင်း အော်သွားသည်။ ဘုန်းကြီးကျောင်းတံတား ဆိပ်မှာ ကျွန်တော်တို့စက်လှေရောက်တော့ ကလေး လူကြီးအတော်လေးများနေတာတွေ့ရသည်။ မြစ်ကူး ချောင်းဖျား ရေလမ်းခရီးမှာ ဒီရေအတက်အကျကြည့် သွားရသည်မို့ ချောင်းကြီးရွာမှာလည်း အချိန်မရ။ ဒုက္ခ သည်တွေလည်း ဘုန်းကြီးကျောင်းမှာ စုနေကြသည်။ ကျောင်းထိုင်ဘုန်းကြီးကိုသာ ပစ္စည်းတွေသင့်တော် သလို ဝေပါဟု အပ်နှံခဲ့ရသည်။
စက်လှေထွက်ခါနီးတော့ ဒေသခံလူငယ် တစ်ဦးကို အပြေးအလွှားမေးကြည့်ရသည်။ ဒီရွာမှာ အတော်သေကြသည်ဟု သူကဆိုသည်။
“ကျွန်တော်ဆို အိုးလဲမရှိ၊ အိမ်လဲမရှိတော့ ဘူး။ အခုဘုန်းကြီးကျောင်းမှာ တက်နေရတယ်။ သေ တဲ့လူကတော့ ဘုန်းကြီးတွေ စာရင်းကောက်တာတောင် လူကိုးဆယ်ဝန်းကျင်လောက်ရှိမယ်”ဟု ယင်းဒေသခံ လူငယ်က ဆိုသည်။ အပြေးအလွှားမို့ နာမည်ကို မမေး ခဲ့မိ။ ဘာပဲဖြစ်ဖြစ် သူတို့အဖို့ ကျွန်တော်တို့ သွား ရောက်လှူဒါန်းခဲ့သည့် ပစ္စည်းများက ခုနစ်ရက်စာ လောက်တော့ ဖူလုံပါသည်။ ဒီထက်ပိုသည့် အထောက် အပံ့အကူအညီတွေရရင်တော့ ပိုကောင်းမှာပေါ့။ အကူ အညီတွေ အမှန်တကယ် ရောက်သင့်သည့်နေရာကို အမြန်အဆန်ရောက်ပါစေကြောင်း ဆုတောင်းရသည်။
အပြန်မှာတော့ ကွမ်းခြံကုန်းမှ ရန်ကုန် ကားလမ်းဘေးက ပြည်သူတွေ ကားလမ်းတစ်ဖက် တစ်ချက်မှာ သူတို့ကိုပါလာတာလေးတွေ ချပေးခဲ့ဖို့ အကူအညီတောင်းနေတာ တွေ့ရသည်။ ယခင်နှစ် ခေါက် ဤလမ်းပေါ်ဖြတ်သွားစဉ်က ကျွန်တော်မတွေ့ ခဲ့ရသည့် မြင်ကွင်းနှင့်အတွေ့အကြုံများဖြစ်ပါသည်။ စေတနာရှင်တွေက ပေးသွားသည့် ဆန်ထုပ်လေးတွေ ပိုက်ရင်း ယောက်ျားရင့်မာကြီးတွေ၊ မိန်းမတွေ၊ အဘွား အိုတွေ၊ ကလေးတွေ နောက်ထပ်ကားပေါ်က ပစ်ချ ပေးမည့် ပစ္စည်းများကို သူတို့မျှော်နေကြတာ မှောင်ရီ ပျိုးစအချိန်ထိ ကျွန်တော်တို့ကားဖြတ်လာရာ လမ်း တစ်လျှောက်မှာ မြင်နေခဲ့ရသည်။
ပါလာသူအားလုံးက ရှေ့တစ်ပတ်အတွင်းမှာ နောက်တစ်ခေါက်ထပ်သွားဖို့ ပြောနေသည်။ ကျွန်တော်ကတော့ ဤလူတွေ လမ်း ဘေးမှာ ရပ်ရင်း အကူအညီမျှော်နေတာ နောက်တစ် ခေါက်လာရင် မမြင်ပါရစေနှင့်ဟုသာ ဆုတောင်းမိသည်။ ထိုက်သင့်သည့် အကူအညီတွေ လာပါစေတော့၊ အမှန်တကယ်ရောက်သင့်သည့် နေရာတွေကို ရောက် ပါစေတော့၊ အကူအညီခံစားသင့်သည့် ပြည်သူတွေ ခံစားရပါစေတော့၊ လူသားဆန်သည့် စိတ်ဓာတ်တွေ နေရာအနှံ့ ထွန်းကားပါစေတော့...။

